Thought for life

"The brainy head should not be predominated by dainty heart"

Saturday, December 26, 2009

အမေရိကန် အောင်မြင်ရေးဆရာ Marden က အခုလို ပုံပြင်တစ်ပုဒ်ပြောပြခဲ့တယ်။

Franklin Delano Roosevelt သမ္မတဖြစ်တုန်းက သူ့အမျိုးသမီးရဲ့ မိတ်ဆွေတစ်ဦးကို ကျွန်တော်သွားတွေ့ခဲ့ရတယ်။ ဝါရှင်တန်အိမ်ဖြူတော်မှာ သမ္မတကတော်က ကျွန်တော့်ကိုဖိတ်ခေါ်ခဲ့တယ်။ အဲဒီမှာ ကျွန်တော်တစ်ညတည်းရမှာဖြစ်တယ်။ ကျွန်တော့်ဘေးအခန်းက သမ္မတလင်ကွန်းတည်းခဲ့ဖူးတဲ့ အခန်းလို့ သိရပါတယ်။ ကျွန်တော်အံ့သြဝမ်းသာမိတယ်။ ဝမ်းသာလွန်းလို့ ကိုယ့်ကိုယ်မယုံနိုင်အောင်ဖြစ်မိတယ်။ အဲဒီနေ့ညက ကျွန်တော်လုံးဝ အိပ်မပျော်ခဲ့ဘူး။ အိမ်ဖြူတော်ကစာရွက်နဲ့ ကျွန်တော့်အမေ၊ ကျွန်တော့်မိတ်ဆွေတွေကို ကျွန်တော်စာရေးခဲ့တယ်။

ငယ်ငယ်တုန်းက ကျွန်တော်ဟာ နယူးကားဂိတ်အနီးအနားက ညစ်ပတ်ပေရေတဲ့ လမ်းကြားတွေမှာ ဆော့ကစားခဲ့ဖူးတယ်။

"Marden... မင်း ဒီကိုရောက်လာခဲ့ပြီ" လို့ ကျွန်တော့်ကိုကျွန်တော် ပြောတယ်။

နောက်တစ်နေ့မနက်မှာ အောက်ထပ်ဆင်းပြီး ကျွန်တော်မနက်စာစားခဲ့တယ်။ သမ္မတကတော်လည်း ရှိနေခဲ့တယ်။ သူက လှပတဲ့အမျိုးသမီးတစ်ဦးဖြစ်တယ်။ သူ့မျက်လုံးက အမြဲပြုံးရယ်ပြီး ဆွဲဆောင်မှုရှိတယ်။ ပန်းကန်ထဲက ကြက်ဥကြော်ကို ကျွန်တော်စားနေခဲ့တယ်။ အဲဒီနောက် ပန်းကန်အပြည့်ထည့်ထားတဲ့ ဆားမွန်ငါး(Salmon)တွေ ရောက်လာခဲ့တယ်။ ကျွန်တော်က ဘာမဆိုစားသူပါ။ ဒါပေမယ့် ဆားမွန်ငါးကိုတော့ နည်းနည်းမှမကြိုက်ခဲ့ဘူး။ ငါးတွေကိုကြည့်ပြီး ကျွန်တော်ကြောက်ရွံ့မိတယ်။

သမ္မတကတော်က ကျွန်တော်ကို ပြုံးပြုံးလေးနဲ့ "Franklinက ဆားမွန်ငါးတွေကို သိပ်ကြိုက်တယ်" လို့ပြောတယ်။

ကျွန်တော်တစ်ချက် စဉ်းစားလိုက်တယ်။

"ငါက ဘာမို့လဲ?"


"ဆားမွန်ငါးစားဖို့ ငါဘာကြောင့်ငြင်းရမလဲ? သမ္မတတောင် အရမ်းစားကောင်းတယ်လို့ ထင်တဲ့အရာကို ငါကဘာဖြစ်လို့ စားကောင်းတယ်လို့ မထင်ရမှာလဲ?"

အဲဒီလိုနဲ့ ငါးတွေကိုလှီးပြီး ကြက်ဥကြော်နဲ့ ကျွန်တော်စားလိုက်တယ်။ နောက်တော့ အဲဒီညနေမှာ ကျွန်တော်နေလို့ထိုင်လို့ မကောင်းခဲ့ဘူး။ ညရောက်တဲ့အထိ ကျွန်တော်အန်ချင်နေခဲ့တယ်။

ကျွန်တော်ပြောတဲ့ ဒီပုံပြင်က ဘာအဓိပ္ပါယ်ရှိသလဲ?

ရိုးရိုးလေးပါပဲ... ကျွန်တော်စိတ်ကို ကျွန်တော်သစ္စာဖောက်လိုက်တာဖြစ်တယ်။

ဆားမွန်ငါးကို ကျွန်တော်မစားချင်ရင် စားစရာမလိုဘူး။ ဒါပေမယ့် သမ္မတကို ရိုသေလေးစားမှုပြချင်လို့ ကျွန်တော်စားလိုက်တယ်။ ကျွန်တော့်စိတ်ကို ကျွန်တော်သစ္စာဖောက်လိုက်တယ်။ ဒါဟာ အပြစ်သေးလေးတစ်ခုမို့ ဆိုးကျိုးလည်းသေးခဲ့တယ်။ သိပ်မကြာခင်မှာပဲ ပျောက်သွားခဲ့တယ်။

ဒါပေမယ့် ဒီသဘောတရားကလည်း အောင်မြင်တဲ့လမ်းမှာတွေ့နိုင်တဲ့ ထောင်ချောက်တစ်ခုပဲဖြစ်တယ်။ ဒါဟာ လူတစ်ယောက်ရဲ့ အယူအဆတစ်ခုလုံးကို ပြောင်းလဲစေတာဖြစ်တယ်။ သမ္မတလုပ်သလို ငါလုပ်မယ်ဆိုတဲ့ မလိုအပ်တဲ့ရူးမိုက်ယှဉ်ပြိုင်မှုက ကျွန်တော့်ထင်မြင်ချက်၊ (self-image) အယူအဆကို ယုတ်လျော့စေခဲ့တယ်။

တစ်နည်းပြောရရင် ကိုယ့်ခံယူချက်ကို ကိုယ့်စိတ်ကူး၊ ကိုယ့်အယူအဆနဲ့ အကောင်းဆုံးပြုလုပ်တာပဲဖြစ်တယ်။

ဆင်းရဲသားတစ်ဦးရဲ့ ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေက ရှင်ဘုရင်ထက် ပိုသန်မာကြံ့ခိုင်ခဲ့ရင် သူဟာ ရှင်ဘုရင်ထက် ပိုအောင်အောင်မြင်မြင် ရှင်သန်နိုင်တယ်။ အသက်အရွယ်၊ ဆင်းရဲချမ်းသာမရွေး ကျွန်တော်တို့ဟာ အောင်မြင်ခြင်းအရသာကို မြည်းစမ်းနိုင်တယ်။ အဲဒီအတွက် ကိုယ့်ထင်မြင်ယူဆချက်၊ ကိုယ့်ဆန္ဒကို ရှင်းရှင်းလင်းလင်း သိဖို့လိုလိမ့်မယ်။

"ကိုယ့်လမ်းကိုယ်လျှောက်မယ် ပြောချင်တဲ့လူပြောပါစေ" ဆိုတဲ့ အီတလီကဗျာဆရာ Dante Alighieriရဲ့ စကားတစ်ခွန်းက ကျွန်တော်တို့နဲ့ မစိမ်းခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ လုပ်ဆောင်နိုင်ခဲ့ပြီလား?

(၁၉၃၃)ခုနှစ်မှာ ရုပ်ရှင်သရုပ်ဆောင် Fred Astaireက Metro-Goldwyn-Mayer, Inc. ရုပ်ရှင်ကုမ္ပဏီမှာ ပထမဆုံးအကြိမ် အစမ်းသရုပ်ဆောင်ဝင်ခဲ့တယ်။ အဲဒီမှာရှိတဲ့ဒါရိုက်တာက စာရွက်ပေါ်မှာ "သရုပ်ဆောင်ပညာကို မတတ်သူ၊ အကအကြောင်း နားမလည်သူ" လို့ ရေးပြီး သူ့ကိုဝေဖန်ခဲ့တယ်။ နောက်ပိုင်းမှာ Fredက အဲဒီစာရွက်ကို ဘောင်သွင်းပြီး Beverly Hills က သူ့နေအိမ်မှာ ချိတ်ဆွဲထားခဲ့တယ်။

အမေရိကန် ဘောလုံးနည်းပြ Vince. Rembadi ဟာ အရင်က "ဘောလုံးအကြောင်း နားမလည်သူ၊ တိုက်ခိုက်ဖို့စွမ်းရည်နည်းသူ" လို့ အဝေဖန်ခံခဲ့ရတယ်။

ဒဿဗေဒပညာရှင် ဆိုကရေးတီးကို လူတွေက "လူငယ်တွေရဲ့အတွေးကို ကျဆုံးအောင် ဖျက်ဆီးသူ" လို့ အပြောခံခဲ့ရတယ်။

Peter Daniel (၄)တန်းတုန်းက ဆရာမPhilipရဲ့အဆူအဆဲကို ခံခဲ့ရတယ်။ "ပီတာ.. မင်းဦးနှောက်က မကောင်းဘူး။ စာလည်းမလိုက်နိုင်ဘူး။ မင်းကိုတော့ တိုးတက်အောင်မြင်ဖို့ လမ်းမမြင်ဘူး"

အသက်(၂၆)နှစ်အထိ စာတချို့ကို ပီတာမဆိုတတ်ခဲ့သေးဘူး။ တစ်ခါက သူငယ်ချင်းတစ်ယောက်က သူ့ကို Napoleon Hill ရေးသားထားတဲ့ "Think and Grow Rich" ဆိုတဲ့စာအုပ်ကို ရွတ်ဆိုပြခဲ့တယ်။ အခုချိန်မှာပီတာဟာ အရင်က သူအမြဲရန်ဖြစ်ခဲ့ဖူးတဲ့လမ်းကို ဝယ်ယူခဲ့ပြီး "Mrs. Phillips, you are wrong" ဆိုတဲ့စာအုပ်တစ်အုပ်ကို ထုတ်ဝေနိုင်ခဲ့တယ်။

Little Women စာအုပ်ရေးတဲ့ ဆရာမLouisa May Alcott (1832 – 1888) ကို သူ့အိမ်က အိမ်ဖော် ဒါမှမဟုတ် အပ်ချုပ်သမလုပ်ဖို့ မျှော်လင့်ခဲ့တယ်။

Beethoven တယောတီးသင်တုန်းက ပါးနပ်ကျွမ်းကျင်မှု မရှိခဲ့ဘူး။ ဒါကြောင့် ကိုယ်ရေးတဲ့သံစဉ်ကိုပဲ သူတီးခဲ့တယ်။ အပြောင်းအလဲလည်း မလုပ်ရဲတာကြောင့် ဆရာကသူ့ကို ဂီတနဲ့မအပ်စပ်သူလို့ပြောခဲ့တယ်။

ပြဇာတ်အဆိုတော် Karusselရဲ့ ချိုသာတဲ့အသံက ကမ္ဘာအနှံ့ပြန့်ခဲ့ဖူးတယ်။ သူ့မိဘတွေက သူ့ကိုအင်ဂျင်နီယာတစ်ဦး ဖြစ်စေချင်ခဲ့သလို သူ့ဆရာက သူ့အသံဟာအက်ရှတဲ့အတွက် သီချင်းဆိုဖို့ မသင့်လျော်ဘူးလို့ပြောခဲ့တယ်။

"The Origin of species" ရေးခဲ့တဲ့ဒါဝင်ကို ငယ်စဉ်ချိန်မှာ သူ့ဖခင်က "လုပ်သင့်တာကိုမလုပ်ဘဲ တစ်ချိန်လုံး အမဲလိုက်၊ ခွေးဖမ်း၊ ကြွက်ဖမ်းလုပ်နေရသလား"လို့ အမြဲဆူပူခဲ့တယ်။ သူ့ကိုယ်ရေး အတ္ထုပ္ပတ္တိမှာ ဒါဝင်က "ငယ်ငယ်တုန်းက ဆရာတွေနဲ့ လူကြီးတွေက ကျွန်တော်ဟာအဖြစ်မရှိသူ အသိဥာဏ်နည်းနည်းမှ မရှိသူလို့ပြောခဲ့တယ်" လို့ရေးခဲ့တယ်။

Auguste Rodinရဲ့ဖခင်က သူ့မှာ တုံးအတဲ့သားတစ်ယောက်ရှိတယ်လို့ အမြဲတမ်း စိတ်ပျက်လက်ပျက် ညည်းညူခဲ့တယ်။ ဆရာတွေရဲ့အကြည့်မှာ Rodinရဲ့ အနာဂတ်ဟာ မည်းမှောင်နေတယ်။ အနုပညာကျောင်းကို သုံးကြိမ်တိတိဖြေခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ ဦးလေးဖြစ်သူကသူ့ကို "ကယ်တင်ဖို့ ဆေးမရှိတဲ့တုံးအသူ"လို့ ပြောခဲ့တယ်။

"စစ်နဲ့ငြိမ်းချမ်းရေး" စာအုပ်ကိုရေးခဲ့တဲ့ လီယိုတော်စတွိုင်း တက္ကသိုလ်တက်စဉ်က စာမလိုက်နိုင်လို့ ကျောင်းထုတ်ခံခဲ့ရတယ်။ ဆရာကသူ့ကို "စာသင်ဖို့ ဦးနှောက်မပါခဲ့သူ၊ သင်ယူဖို့ဝါသနာမပါသူ" လို့ဆိုခဲ့တယ်။

တကယ်လို့ ဒီလူတွေဟာ "ကိုယ့်လမ်းကိုယ်လျှောက်သူတွေ" မဟုတ်ခဲ့ရင်၊ သူတစ်ပါးရဲ့ဝေဖန်ကဲ့ရဲ့တာကို ဂရုစိုက်ခဲ့ရင် ကိုယ်ပိုင်အောင်မြင်မှုကို သူတို့ဆွတ်ခူးနိုင်ခဲ့မှာ မဟုတ်ပါဘူး။

ဒါကြောင့် တကယ့်အောင်မြင်တဲ့ဘဝက အောင်မြင်မှုအကြီးအသေးနဲ့ မဆိုင်ပါဘူး။ တကယ်ကြိုးစားပြီး ကိုယ့်ထင်မြင်ချက်၊ အယူအဆအတိုင်း လုပ်ဆောင်ခဲ့သလား? ကိုယ်ရွေးတဲ့လမ်း၊ ကိုယ်ပိုင်လမ်းကို ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းခဲ့တာနဲ့ပဲ ဆိုင်ပါလိမ့်မယ်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်

No comments:

Post a Comment